အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, February 29, 2012

လူကိုခင်တော့မူကိုပြင်နိုင်သည်။


<!--[if gte mso 9]> Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4


မိမိနေရာ အခဏ်းကျဉ်းလေးထဲမှာ တယောက်ထဲအလုပ်ရှုတ်နေခဲ့သည်။ ဘာရယ်တော့မဟုတ် ငုတ်တုတ်ထိုင်ရင်းမိုးလင်းရက်တွေမနည်းတော့ အခဏ်းခြင်းကပ်လျှက် သူငယ်ချင်းမကြာမကြာပြော၏။ အိပ်ချိန်ရော ရှိရဲ့လားဟူသတဲ့။ ရေနွေးလေးထတည်လိုက် ဆေးလိပ်လေးဖွာလိုက်။ ကွမ်းလေးမြုံ့လိုက်နဲ့ ခပ်လှမ်းလှမ်းမှ ရထားဥသြသံသည်လည်း ရှည်ကြာစွာ ဆွဲလျှက် မကြားချင်မှနေရော နေ့တိုင်းကြားနေရသည်။ ရာသီဥတုကတော့ ဆောင်းအကုန်ကာလ။ နွေဦးပေါက်စ အချိန်မို့ အအေးကတော့ ပေါ့သွားခဲ့၏။သိသိသာသာကြီးမဟုတ်ပေမဲ့ နေ့မှာတော့ ပူ၏။မနက်လင်းအာရုဏ်တတ်ချိန်မရောက်တရောက်အအေးဒဏ်ကြောင့် ဆောင်းရာသီရဲ့အငွေ့အသက်လေးများ ကျန်နေသေးသည် ဟု ခန့်မှန်းမိ၏။” နေပူ မနက်ချမ်း တပေါင်းလ သရမ်း”(ညချမ်း) ဟု မဆိုချင်ပါ။ညအချိန်မှာ မအေးခဲ့ခြင်းမို့ နေ့စဉ် ကြည့်နေကြ သတင်းလေးများ နှင့် ပါဠိတော်အဋ္ဌကထာများလေ့လာရင်း တခါတလေ အပျင်းပြေ မြန်မာပြည်အလွမ်းပြေ ဗွီဒီယိုကားလေးတွေလဲကြည့်ရင်းမို့ အချိန်တို့သည်ကုန်မှန်းမသိခဲ့။ အင်တာနက်ကို အချိန်ပြည့် ရယူနိုင်သော အိန္ဒိယနိုင်ငံ ရဲ့ စနစ်သည် ချီးကျူးမိ၏။ မထူးဆန်းဘူးလို့ပြောကြမည်။ ဒါပေမဲ့ နှစ်စဉ်လိုတော့ မဟုတ်တာသေခြာ၏။ အရင်အရင်နှစ်တွေသည် တလ (၉၈)ရူပီး တခါတလေ အနည်းကျဉ်း လီမစ်အချို့ကျန်သေး၏။ ဒီနှစ်တော့ တလ ၂ ခါ ထည့်တာကို မလုံလောက်ချင်။ဒေါင်းလော့လဲမဆွဲခဲ့။ ရှိစေတော့ တလမှ မြန်မာကျပ်ငွေ ၂၀၀၀ ကျပ်ခန့်လောက်နဲ့ အချိန်ပြည့် သုံးနိုင်ခြင်းကိုပဲကျေးဇူးတင်မိ၏။ လိုင်းကောင်းခြင်း လိုင်းမကောင်းခြင်းကတော့တခါတရံကြုံရတတ်၏။ နွေရာသီရောက်တော့မယ်ဆိုတဲ့အသိကြောင့် လန့်တော့အလန့်သား နှစ်စဉ် ၄ လ ပိုင်းဆိုလျှင်အမိမြန်မာပြည်သို့ ပြန်ဖြစ်ခဲ့၏။ဒီနှစ်တော့ ပြန်ဘို့အခွင့်လမ်းက မမြင်သေး။ တက္ကသိုလ်အခြေနေသည် ဘာမှကိုမသိရသေးသည်မို့ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မတခု ပြေးသတိရလိုက်၏။” ဒုက္ခဿ အန္တောသုခံ”တဲ့ စောင့်ရကျိုးလေးတော့နပ်ပါလေစ ဆိုသည့်အတွေးလေးတွေးရင်း အအေးဒဏ်ကို အံတု။အပူဒဏ်ကိုလဲ ခံယူရင်း မပြီးပြတ်သေးသည့် ကျောင်းကိစ္စကို စောင့်မျှော်ရင်းနဲ့ ဒုက္ခ ရဲ့အဆုံးမှာ သုခ ဆိုသည့် အကြောင်းတရားလေး ရယူပိုင်ဆိုင်ခွင့်လေးရပါစေတော့ရယ်လို့..။ ဆုတောင်းမေတ္တာပို့နေရခြင်းတွေက အနန္တ။ အချိန်ရှိသမျှ တမ်းတနေမိတာက အမိမြန်မာပြည် ။လွမ်းနေမိတာလဲ မြန်မာပြည်။ အပျင်းပြေ စရဏရပ်ကွက် အရိယာမ် အထည်ဆိုင်အိမ်သို့ နေ့တိုင်းမဟုတ်သော်ငြားလည်း သတိရတဲ့အချိန်တိုင်းတော့ ရောက်ရောက်သွားတတ်၏။ တခါတရံ တီဗီကြည့်ရင်း တခါတရံ မိသားစု နှင့် စကားစမည်ပြော။ သူတို့အကြောင်းအနီးကပ်လေ့လာမိပြန်တော့လဲ။ မိသားစု လို ဆက်ဆံခဲ့ကြ၏။ အငယ်ဆုံး (ချိုတား) အဘိရှိတ် သည်ပင် မိမိမလာရင်မျှော်နေတတ်၏။တခါတရံ ဂျပါတီ လေးနှင့်ကျွေးမွေးတတ်သလို တခါတရံ လဘက်ရည်လေးကိုလည်း ရံခါ တိုက်၏။ တခါတရံသူတို့ထမင်းစားနေတာ တွေ့မိပြန်တော့လဲ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်မကောင်းမိ။ ညအခါ ထမင်းဆိုလို့ စားခဲ၏။ အိမ်မှ မာတာကြီးမကြာမကြာပြောဘူး၏။ အိမ်မှာ ၁၂ တန်းတတ်ကျောင်းသူ တယောက် မြန်မာစကားအနည်းကျဉ်းတတ်သူတယောက်(ယောက်ျားလေးသဏ္ဍာန်)ဖြင့်နေတတ်သူ မရီတူး တယောက်ကတော့ ည အချိန်ထမင်းမစားရရင် ခေါင်းကိုက်သလိုနဲ့ စိတ်ဆိုးပြီးအိပ်တတ်၏။ ကျန်သည့် မိသားစု ၆ ယောက်သည် ပူတီကိုစား ရေကိုသောက်ရင်းဖြင့် ရောင့်ရဲတင်းတိမ်ကြ၏။ နေ့တနေ့မှာတော့ ထမင်းစားနေသော ကလေးတို့တွေ့ခဲ့ရ၏။ အာလူးနှင့်ရောကာချက်ပြုတ်ထားသော ပဲသီးအချို့ထမင်းကို ပယ်ကောနှယ်ကောရောမွှေကာ မြိန်ရှက်စွာစားနေကြသည် ၂ယောက်တပုဂံ။သရက်သီးသနပ် လေးကတခြမ်း။ သူကိုက်လိုက် ငါ စုတ်လိုက်နဲ့ စားနေကြသည်ကိုတွေ့မြင်ရပြန်တော့လည်း သြော် မိမိငယ်စဉ်က ဘုန်းကြီးကျောင်းသားတို့၏ စည်းကမ်းအရ စားရသည်ကို ပြန်လည်အောက်မေ့မိသည်။ပြန်လည် လွမ်းမောနေမိသည်။ လင်ပန်းထဲတွင်ထမင်းထည့် ရှိသမျှ ဟင်းတွေထည့်ပြီး ကျောင်းသားအကြီးဆုံးမှ နှယ်ပေးရသည်။ပြီးတာနဲ့ ၅ ယောက်တ၀ိုင်းစားခဲ့ရသည်။ ငယ်စဉ်ကလေးဘ၀မို့ ဘာရယ်တော့မသိခဲ့။ သူ့လက်ကဂျီးများ..မိမိလက်မှဂျီးဖြင့် ရောနှောလို့ စားခဲ့ရသည့်အကြောင်း မှတ်မိလို့ပြုံရယ်မိသည်။ ခု မိမိသွားနေခဲ့သည်အိမ်မှမိသားစု မိသားစု လိုဖြစ်နေတော့ သူတို့အကြောင်းတွေ အမြဲမြင်တွေ့နေရသည် သူတို့စားနေတာတွေ သိနေရသည်။တခါတရံ ကလေးများ အမေရှိရာ ခြေကန် (ခြေဆင်း)လို့နေတတ်ကြသည်။ အငယ်ဆုံးကလေးသည် မိမိခေါင်းကို ပုတ်သည် ကိုင်သည်။ မသိလို့ ကိုင်တာလဲဖြစ်မည်။ စချင်လို့ကိုင်တာလဲဖြစ်နိုင်သည်။ ဒါပေမဲ့ပြောပြရ၏။ ဘန္တေတွေရဲ့ ခေါင်းကို မကိုင်ရဘူး။ မိမိတို့ရဲ့အမေ ဘက်မှာလည်းခြေတောက်ကြီးဆင်းလို့မနေရဘူး။ စသည်စသည်လေးတွေပြောပြမိသည်။ ၁၄ တန်းကျောင်းတတ်နေသူ အကြီးဆုံးမ ကိုလည်းပြောပြရ၏။ ငါတို့မြန်မာပြည်မှာ ဒါမျိုးမရှိဘူး။ မင်းရဲ့ ညီမတွေပြောပြပါ..လို့ပြောဘူး၏။ အမိမြန်မာပြည်မှာလဲ ရှိခဲ့ဘူး၏။ မိမိ ရန်ကုန်ဆွမ်းခံအိမ်မှ ကလေးတယောက် (ယ္ခု .ထိုကလေးသည် ဗိုလ်ကြီးတောင်ဖြစ်လို့နေ၏။) အမိမြန်မာပြည်ရောက်ခိုက် မတွေ့တာကြာလို့ ဆွမ်းပင့်ကပ်၏။ ထိုအကြောင်းပြောပြမိ၏။ ဆွမ်းခံကြွလို့ ထိုင်လိုက်သည်နှင့် ခေါင်းကိုကိုင်ရဘို့ ကြိုးစားတော့၏။ မိမိသည်လည်း ပါလာသော ယပ်တောင်ဖြင့်အကာကွယ်ပေးရစမြဲ။ ယ္ခုလဲ ကြုံရပြန်သည်။ ဗုဒ္ဒဂယာမြို့မှာလည်းတခါကြုံခဲ့ရသည်။ မိမိသည်ဈေးဝယ်နေ၏။နောက်မှ ကိုရွှေကုလားသည် ခေါင်းကို ကိုင်၏။ မိမိလည်းအလန့်တကြားဖြစ်သွားသည်နှင့်တပြိုင်နက် နောက်ပြန်လှည့်ပြီးတတောင်ဖြင့် မျက်နှာ တွက်လိုက်၏။ လက်သီးတစုံလည်းပစ်သွင်းလိုက်၏။ စိတ်တော့ မကောင်းမိ။ ဆိုင်ပိုင်ရှင်ရောက်လာ၏။ ရှင်းပြလိုက်၏။ တော်သေးရဲ့။။အိန္ဒိယ နိုင်ငံ၏ စည်းကမ်းသည် ရန်ဖြစ်ခြင်းရှိကြသော်လည်း ကိုယ်ထိလက်ရောက်မတွေ့ရ။ ယ္ခု မူ မိမိသည် ကိုယ်ထိလက်ရောက် တုန့်ပြန်လိုက်သည်။ မဟတ္တမဂန္ဒီ ၏ ဥပဒေအရ.တနည်းအားဖြင့်အိန္ဒိယနိုင်ငံ၏ ဥပဒေအရ မိမိသည် မှန်သည် မှားသည် မသိ။ ကိုယ်ထိလက်ရောက်ပုတ်ခတ်ခြင်းကြောင့် အရှုံးသမား။ တော်သေး၏။ ဆိုင်ရှင်မှ ထိုကုလားအား ငေါက်ငန်းကာ နေ၏။ မိမိ၏ တုန့်ပြန်မှုကြောင့် နာကျင် မည်ဟု သိနေသော်လည်း လန့်သွားခြင်းအကြောင်းကြောင့် ပြုမူမိ၏။ ယ္ခု လည်း မိမိသွားနေကြအိမ်မှ ကလေးသူငယ်များကို ပြောဆိုခွင့်ရသည်။ တနေ့ သူတို့မိသားစု ၀ိုင်းထိုင်စကားပြောနေကြ၏။ ပုံမှန် အမေ၏ ဘက်သို့ ခြေတောက်ကန်လျှက်။ မိမိတွေ့သည်နှင့် ကပျာကယာ ခြေတောက်များရုတ်သိမ်းနေ၏။ အတွေးတချက်ဝင်လာမိသည်။ သြော်..တကယ်တော့ သူတို့မသိမှုကြောင့်ပါလားဟု အကောင်းမြင်ဝါဒနှင့် မြင်လာမိ၏။ တကယ်တမ်းမူ သူတို့၏ သန္တာန်မှာ အသိစိတ်လေးတွေ ၀င်လာပါစေတော့ဟု ပြောဆိုမိသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကလည်း တောင်တန်းဒေသ သို့ သာသနာပြုခရီးထွက်ခဲ့စဉ်က မှတ်မှတ်ရရ (၁၉၉၄)ခုနှစ် စည်းရုံးရေးမှူးများ မိမိရွာကို ရောက်လာခဲ့၏။ ရဲမှူး။ လ.၀.က။ စစ်တပ်။ ဆေးမှူးတို့.ခက်ခက်ပင်ပန်းစွာဗွင်္ီဒီယိုနှင့် မီးစက်များ ယူဆောင်ပြီး လှည့်လည်ကာ ပြသရသည်။ အထက်မှ အမိန့်ကြောင့် ဆေးပေးရင်းစည်းရုံးရ၏။ ဗွီဒီယိုပြပြီးလည်းစည်းရုံးရ၏။ ဗွီဒီယိုမပြောနှင့် ရေဒီယိုတောင်မမြင်ဘူးကြသော နာဂတိုင်းရင်းသားလူမျိုးတွေ။ မြန်မာငွေဟူ၍လည်းမသုံးစွဲတတ်ကြ။မရှိကြ။ တောင်ယာခုတ်ခြင်းဖြင့်၎င်းအမဲလိုက်ခြင်းဖြင့်၎င်းအသက်မွေးဝမ်းကြောင်းပြုကာ နေထိုင်ကြ၏။ ထို ညဗွီဒီယိုပြမည် ဟု ဥက္ကဋ္ဌအတွင်းရေးမှူးတို့အားခေါ်၍ ပြောထား၏။ ဗွီဒီယိုဆိုတာ ဘာလဲ..? ဟူသတတ်။ ညနေမိုးချုပ်သော် မီးစက်နှိုးလို့ ဗွီဒီယိုစတင်ပြသ၏။ လ.၀.က မှူးမှခွေများကို မိမိအားလာပြ၏။ဒီကားတွေပြမှာဘုရား.။ ရဟန်းမစားရသော ဆွမ်းတနပ်နှင့် ရဟန်းစားရသောဆွမ်းတနပ်။နောက် ဂွမ်းစောင်အနီလေး။ ရဟန်းမစားရသောဆွမ်းတနပ်ကို မပြဘို့ ပြောထားရ၏။ ဘုန်းကြီးမမြင်ဘူးသောကြောင့် ဘုန်းကြီးရိုက်တဲ့ အခဏ်းကဏ္ဍပါသည်။မိမိအားရိုက်မှာကြောက်သောကြောင့်ဖြစ်၏။ ထိုဇာတ်လမ်းထဲမှာ ဘုန်းကြီးပုံပါ၏။ မိမိသည် စည်းရုံးရေးမှူးဖြစ်သည်။ရပ်ရွာအကြီးဆုံးလည်းဖြစ်သည်မို့ မိမိကျောင်းတွင် ဗီဒီယိုပြ၏။ မိမိမှ အလည်တည့်တည့်မှနေလျှက် ဘုန်းကြီးပုံ ထွက်လာသည်နှင့် မိမိခေါင်းအား ပုတ်၍ ..”ဟေး ကြိုင်မွန်း” အဲဒါ မင်းလား..” ဟူ၏။ ကြိုင်မွန်းဆိုသည်မှာ.ဘုန်းကြီး လို့ခေါ်၏။ အတိုင်း=မဟုတ်ဘူး ဟု မိမိမှပြောဆိုရ၏။အဲဒီအချိန်မှာ မိမိအား ခေါင်းပုတ်ပြီးမေးသောသူတို့သည်မနည်းလှ။ ဆိုလိုသည်ကား မိမိသည် စိတ်တိုတတ်၏။ ယ္ခု မသိနားမည်သူလေးတွေရဲ့ ပြုမူမှုသည်ကား မသိလို့သာ ပြုမူကြပါလားဆိုပြီး သီးခံရ၏။ လူကိုခင်မှမူကိုပြင်။ပုဂ္ဂိုလ်ခင်မှ တရားမင်ဆိုသလို လူကိုခင်အောင်စည်းရုံးရသည်။မိမိ ၉ လ တာမျှ သာသနာပြုတာဝန်ထမ်းဆောင်ခဲ့သည်။ သူတို့လေးတွေ၏ သန္တာန်မှာ ဘုရားသံ.တရားသံ သံဃာသံ ကြားခွင့်ပေးခဲ့ရသည်။ သရဏဂုံတည်စေခဲ့သည်။တွေးမိလေတိုင်းပီတိတို့သည် ရင်ဝယ်အေးမြလျှက်။ သူတို့အကြောင်းသိလိုလျှင် လွန်ခဲ့သည့်နှစ်ပေါင်း၁၅ နှစ်ကျော်က သာသနာပြုခရီးကို မိမိဘလော့ထဲတွင် ရှာဖတ်နိုင်ပါ၏။ ယ္ခု အိန္ဒိယနိုင်ငံမှာလည်း ဘုရား၏ သြ၀ါဒဓမ္မတွေ မလိုက်နိုင်စေကာမူ အမေ နှင့်ပတ်သတ်သည့် တာဝန် အမေ ကိုရိုသေမှုတို့ကို ပြောဆိုခွင့်ရပြန်တော့လည်း။စိတ်ထဲမှာတော့ ပျော်ရွှင်မှုတခုအဖြစ် ခံစားမိသည်။အမိမြန်မာပြည်မှာလည်းမိဘအားပြစ်မှားသူတို့ရှိကြသည်။ သို့သော်နည်းပါးလှ၏။ အမိမြန်မာပြည်မှာလူဖြစ်ရကျိုးသည် ကောင်း၏။ ဘာသာတရားရှိကြ၏။ ရိုသေကြ၏။ကိုင်းရှိုင်းကြ၏။ယ္ခု အိန္ဒိယနိုင်ငံ၏ ဘာသာရေးသည် မြတ်စွာဘုရား၏ အဆုံးမများကိုမနာခံတော့။ ဘာသာအမျိုးမျိုးကိုးကွယ်နေတော့၏။ ထေရ၀ါဒ သာသနာသည်အမိမြန်မာပြည်မှာသာလျှင်တည်ရှိနိုင်သည်။ အခြားသော သီရိလင်္ကာ.ဗီယက်နမ်.ကမ္ဘောဒီးယား.ထိုင်း..စသည့်နိုင်ငံတို့တွင်လည်း မြန်မာနိုင်ငံလောက် ထေရ၀ါဒသာသနာ မထွန်းကားပါ။ အမိမြန်မာပြည်မှာရှိကြသော လူအများစုတို့သည် မိမိမြန်မာပြည်မှာလူဖြစ်ရသည်ကို ကျေနပ်ကြပါ လို့ပြောပရစေ.။ သို့သော် မြန်မာပြည်မှာဖြစ်ပြီး ဘာသာရေးအရ အားနည်းနေခဲ့လျှင်တောင် ဘာသာ သာသနာ ကို လေ့လာလိုက်စားပြီး ဘာသာ သာသနာထဲမှ အသိတရားတွေ ရယူပိုင်ဆိုင်ပြီးဘာသာရေးအသိတရားများရင်ဝယ်ပိုက်နိုင်ကြပါစေ လို့။

Tuesday, February 28, 2012

အမရပူရမြို့ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ သြ၀ါဒတော်များ


  • ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ

အလုပ်တစ်ခုကို လုပ်လျှင် ကောင်း၊ မကောင်း စီစစ်ပြီး ပြုပြင် လိုက်ကြစမ်းပါ။ သူများကို မနာလို ဝန်တိုဖို့လည်း မလိုဘူး။ အဲဒီ စိတ်တွေ ဖြစ်လျှင် ကိုယ်သာ ဆင်းရဲ ရတယ်။ စိတ်ဆိုတာ ကောင်းတဲ့အာရုံ အမြဲ ထုံပေးနိုင်မှ တော်ကာကျတယ်။ သူများ ချမ်းသာတာကို “ချမ်းသာပါစေ” လို့ ဝမ်းမြောက် လိုက်လျှင် တစ်ဖက်သားမှာ ချမ်းသာတယ်၊ မချမ်းသာဘူးတော့ မသိဘူး။ ကိုယ်တော့ စိတ်အေး သွားရတာတော့ အမှန်ပဲ။

  • မမေ့တတ်သူ

လောကဆိုတာ အမေ့ပေါင်းစုံနဲ့ မျောနေကြတာ။ သူတို့ကသာ မေ့နေကြတာ၊ သေမင်းကတော့ မေ့ရဲ့လား၊ အချိန်ကျ ဆွဲသွားတာပဲ။

  • နှမ်းတစ်ဆုပ်စာ ယူစားမိလို့

ရှေးတုန်းက ဇာတ်တော်ထဲမှာ ဒိသာ ပါမောက္ခ ဆရာကြီးထံ တပည့်တွေ ငါးရာလောက် ပညာ သင်နေကြတယ်။ အဲဒီထဲက မင်းသား တစ်ယောက်ဟာ လမ်းမှာ လှမ်းထားတဲ့ နှမ်းဖျာကို တွေ့တော့ တစ်ဆုပ်မျှ ယူစားမိတယ်။ နှမ်းရှင်က ဆရာကြီးကို လာတိုင်တော့ “ယူစားရမလား” ဆိုပြီး ရိုက်တယ်။ အစပိုင်း မှာတော့ မကျေနိုင် ဘူးပေါ့။ နောက်လည်း ယူမစား ဝံ့တော့ဘူး။ နောင်တစ်ချိန် ကျတော့ အဲဒီ သူဟာ ရှင်ဘုရင် ဖြစ်လာတယ်။ အဲဒီ အခါကျမှ သူ ကျေးဇူး တင်တယ်။ ဟိုတုန်းက ဆရာကြီးသာ မရိုက်ခဲ့လျှင် အကျင့်ဆိုး ပျောက်မှာ မဟုတ်ဘူး။ ကြိမ်လုံး ကြောက်လို့ ဖျောက်ခဲ့တဲ့ အတွက် အခုလို တိုင်းပြည် ခေါင်းဆောင် ဖြစ်လာ ရတာလို့ ကျေးဇူး တင်သတဲ့။

  • အကောင်းချင်း ဆုံချင်မှ ဆုံတာ

သတ္တဝါတွေ ဆိုတာ ရှေးကံစီမံတဲ့ အတိုင်း ဖြစ်ကြရတာ။ အမျိုး၊ စည်းစိမ်၊ ရုပ်ဆင်းအင်္ဂါ၊ ကျန်းမာခြင်း၊ ဂုဏ်သတင်းစတဲ့ အရာတွေဟာ စေတနာ အလျှောက် ပေါ်ပေါက် ကြရတာပဲ။ ယခု ဘဝမှာ စေတနာ သဒ္ဓါတရား နည်းခဲ့ရင် နောင်ဘဝ တွေမှာ ဒီစေတနာတွေရဲ့ ရောင်ပြန် ဟပ်ခြင်း ခံရမယ်။ စေတနာ ကွက်သူများဟာ ချို့ချို့ငဲ့ငဲ့ အကျိုးပေးလေး ကိုတောင် ပြည့်ပြည့်ဝဝ ခံစားကြရမှာ မဟုတ်ဘူး။

  • ပါရမီဓါတ်ခံ မညံ့စေချင်ပါ

ဘုရား သာသနာနဲ့ တွေ့ဖို့ထက် ဆရာသမားကောင်း၊ မိဘကောင်းနဲ့ တွေ့ဖို့က အရေးကြီးဆုံး အချက်ပါ။ ဘုရား သာသနာတော်ကြီးနဲ့ တွေ့ရပေမယ့် စိတ်ထား၊ စေတနာထား မမှန်ဘူး ဆိုရင် အလကားပဲ။ အရှင်ဒေဝဒတ် တို့ကို ကြည့်ပါလား၊ ဘုရား သာသနာတော်ကြီးနဲ့ တွေ့လို့ သာသနာ့ဝန် ထမ်းဆောင် နေပေမယ့် ပဲ့ပြင် ဆုံးမ ညွှန်ပြ တတ်သူကို မရဘူး ဆိုရင် တွေ့ရကျိုး မနပ်ပါဘူး။ ဒီသာသနာနဲ့ တွေ့လို့မှ ကောင်းတဲ့ ဘက်ကို မယိမ်းတဲ့ သူဟာလည်း အင်မတန် ပါရမီဓါတ်ခံ ညံ့လို့ပဲလို့ ဆိုရမှာပဲ။

  • ပင်ကိုယ်ကောင်းတဲ့သူမှ

လူတစ်ယောက်ရဲ့ ဘဝတစ်ခုဟာ သစ်ပင်ငယ်ကလေး လိုပဲ။ ငယ်ငယ်က ဖြောင့်လာမှ ကြီးလာ တော့လည်း ဖြောင့်တက် သွားနိုင်တယ်။ ငယ်ငယ်က မဖြောင့်ဘူး ဆိုရင် ကြီးတော့လည်း မဖြောင့်ချင် တတ်ဘူး။ မျိုးရိုးလည်း လိုက်တတ် ပါတယ်။ ခွေးကလေး ငယ်ငယ်က အမြီး ကောက်တာ ကြီးတော့လည်း ကောက်မြဲ ကောက်သလို ပေါ့။ များသော အားဖြင့် ပင်ကိုယ် ကောင်းတဲ့ သူမှ တစ်လျှောက်လုံး ကောင်းတတ် ပါတယ်။

ယောဆရာတော်၏ ဆုံးမစကား


  • မေတ္တာဟာ ငြိမ်းချမ်းရေး တရား

မေတ္တာဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး တရားပါ။ ပြည့်စုံအောင် ပြောရရင်တော့ သည်းခံ ခွင့်လွှတ် အနစ်နာခံ သဘောထား ကြီးတတ်တဲ့ ခန္တီရယ်၊ သနား ကြင်နာ ကိုယ်ချင်းစာတတ် စာနာ ထောက်ထား ညှာတာ တတ်တဲ့ ကရုဏာရယ်၊ သူများတွေ ကြီးပွားတိုးတက် ပြည့်စုံတာကို မြင်ရ ကြားရရင် ဝမ်းမြောက်တတ်တဲ့ မုဒိတာရယ်၊ အများအကျိုး လိုလားတတ်တဲ့ မေတ္တာရယ် (၄)မျိုး ပေါ့။ ဒီလူသား ငြိမ်းချမ်းရေး လမ်းစဉ် (၄)မျိုး မှာ အဓိက ပဓာန ကတော့ မေတ္တာပါ။ မေတ္တာမှာမှ သစ္စာတွဲတဲ့ မေတ္တာဟာ ပိုပြီး အစွမ်း ထက်မြက်၊ အရာ ရောက်ပါတယ်။ သစ္စာ လွှမ်းမှ မေတ္တာ စွမ်းပါတယ်။ သစ္စာနှင့် မေတ္တာ ပေါင်းတဲ့အခါ

(၁) အရှိတရား ကလည်း မှန်ရမယ်။
(၂) အရှိကို အခြေခံတဲ့ စကား ကလည်း မှန်ရမယ်။
(၃) မေတ္တာအာသီသ ပြုတာ၊ မေတ္တာနဲ့ တောင့်တတာ ကလည်း မှန်ရမယ်။

ဒီ အမှန် (၃)ခု ပေါင်းရမယ်။ သူများ အတွက်သာ တောင့်တ နိုင်တာ မဟုတ်ပဲ ကိုယ့် အတွက် လည်း လိုရာကို တောင့်တ နိုင်ပါတယ်။ လောဘနဲ့ တောင့်တ လို့တော့ မရနိုင် ပါဘူး။ ကမ္ဘာကျော် လူဆိုးကြီး ဘဝက ရဟန်းပြု လာခဲ့တဲ့ အရှင် အင်္ဂုလိမာလ ဟာ သားမဖွားနိုင်လို့ ဒုက္ခ ရောက်နေတဲ့ ဒုက္ခသည် အမျိုးသမီး တစ်ဦးအတွက် ဒုက္ခက လွတ်
အောင် စွမ်းဆောင် ပေးတဲ့ အခါ

(၁) လူမိုက် လူဆိုး ဘဝက လူ (၉၉၉)ယောက် ကို အခြောက်တိုက် မိုက်မိုက် ကန်းကန်း သတ်ခဲ့ပေမယ့် ရဟန်း ဖြစ်ပြီးတာနဲ့ လုံးဝ မသတ်တော့ ပါဘူး၊ ဒါဟာ အရှိအားဖြင့် မှန်ကန် ပါတယ်။
(၂) ဒီအရှိတရားကို အခြေခံတဲ့ သစ္စာစကားလည်း မှန်တယ်။
(၃) ဒုက္ခ ရောက်နေတဲ့ အမျိုးသမီး ဒုက္ခ လွတ်စေချင်၊ ချမ်းသာ စေချင်တဲ့ ကရုဏာ၊ မေတ္တာလည်း မှန်တယ်။

ဒီ အမှန် (၃)ခု ပေါင်းလိုက်တော့ တစ်ခေါက်ပဲ ဆိုလိုက် ရတယ်၊ ဒုက္ခ ရောက်နေတဲ့ အမျိုးသမီး ချက်ချင်း ဒုက္ခ လွတ်သွား ချမ်းသာ သွားတယ်။ သစ္စာတန်ခိုး၊ မေတ္တာ တန်ခိုးပဲလေ။

  • မေတ္တာတွဲသော ပေးခြင်း၊ လှူခြင်း

(၁) ကိုယ့်ကျေးဇူးရှင်
(၂) အတူနေသူ
(၃) မိတ်ဆွေ
(၄) ကောင်းမှုမျိုးစေ့ ကြဲဖြန့်ရာ အကျင့်သိက္ခာ ကြီးသော သူတော်ကောင်း
(၅) ခိုကိုးရာမဲ့သူ စတဲ့..
ပေးသင့်သူတွေ အတွက် ပေးတဲ့ လှူတဲ့ နေရာမှာ သူတို့ဆီက ဘာတစ်ခုမှ မျှော်လင့် မထားပဲ မေတ္တာစစ်စစ်နဲ့ ပေးတတ်ရမယ်။ သဒ္ဓါ၊ မေတ္တာ၊ ပညာ မွှမ်းထုံထားတဲ့ စေတနာအား ကောင်းရမယ်။ သဒ္ဓါ ပညာ ကောင်းမှ ကိုယ့်အတွက် ရအောင် ယူတတ်မယ်။ သူ့ဆီက ပေးမှာ မဟုတ်ပဲ ကိုယ့် စေတနာ ကသာ ပေးမှာ ဖြစ်လို့ ကိုယ့် စေတနာ ကိုသာ အစွမ်းကုန် သန့်စင် မြှင့်တင် ပေးရမယ်။ လိုချင်တဲ့ လောဘကင်းမှ ဒါမှမဟုတ် မလိုချင်မှ အကျိုးပေး ဖွံ့ဖြိုး ကြီးကျယ်မယ်လေ။ ပေးသင့်တဲ့ သူတွေထဲမှာ ဘယ်သူ့ကိုပဲ ပေးပေး သန့်စင် အေးမြတဲ့ မေတ္တာစစ်စစ်နဲ့ ပေးရမယ်။ လူ့ဘဝမှာ ကုသိုလ်တရားဟာ အဖိုးအတန်ဆုံး ဖြစ်လို့ ကုသိုလ် ရနိုင်သည်ထိ မေတ္တာကို မြှင့်ပေးမှ ကိုယ့်မေတ္တာ အထွတ်အထိပ် ရောက်နိုင်မယ်လေ။ ဒါမှရတဲ့ ကုသိုလ်လဲ အထွတ်အထိပ် ရောက်မှာပါ။ ဒါကြောင့် ပေးတိုင်း လှူတိုင်း မေတ္တာ လွှမ်းခြုံ မွှမ်းထုံ ပေးရမယ်။ ပစ္စည်းနှင့် လူထိတော့ သတိလွတ်ရင် လောဘ ဝင်တတ်တယ်။ လောဘ အလို မပြည့်ရင် ဒေါသမီးပါ တောက်လောင် လာတတ် ပါတယ်။ ဒီတော့ ရရှိလာတဲ့ ပစ္စည်းကြောင့် မပြေမလည် ဖြစ်လို့ အပူသာ တိုးလာ တတ်တယ်။ ချမ်းသာ ပျောက်လို့ ဆင်းရဲရောက် တတ်တယ်။ ဒါကြောင့် မေတ္တာ ဖြန့်ထားရတယ်။ “ငါတို့ ပေးတဲ့၊ လှူတဲ့ ဒီပစ္စည်းနဲ့ ပစ္စည်း လက်ခံသူ ထိတွေ့သွားရင် လောဘ စတဲ့ အပူတွေ မငြိပါစေနဲ့၊ ကုသိုလ်ရရှိ တိုးပွား လာနိုင်လောက်အောင် နှလုံး စိတ်ဝမ်း အေးချမ်းပါစေ။ ဒီပစ္စည်းရဲ့ တန်ခိုး အရှိန်အဝါ စွမ်းအားကြောင့် ဘဝရဲ့ အနှစ် ကုသိုလ်တွေ တိုးပါစေ၊ ကုသိုလ် ကောင်းကျိုးတွေ ရရှိ တိုးပွားပါစေ၊ ချမ်းသာပါစေ။ ဒီပစ္စည်းကို လှေခါးထောင်၊ ငြမ်းဆင်လို့ ကုသိုလ် ပန်းတိုင် အရောက် တက်လှမ်း နိုင်ပါစေ။ ပစ္စည်း ကိုင်ထား မေတ္တာပွားလို့ အများ ကောင်းကျိုး ရအောင် စွမ်းဆောင် ပေးနိုင်ပါစေ။ ဒီမေတ္တာ စွမ်းကြောင့် ကုသိုလ် ထပ်တိုးလို့ ကောင်းကျိုး ဖွံ့ဖြိုးပါစေ၊ ချမ်းသာပါစေ” လို့ ကုသိုလ်နဲ့ အထွတ်တင်ပြီး မေတ္တာဓါတ်တွေ လွှမ်းခြုံ ပေးရမယ်။ သူရော ကိုယ်ပါ ရေတွက် မရအောင် များလှတဲ့ ကောင်းကျိုး စွမ်းအားတွေ ရလာမှာ သေချာ ပါတယ်။ မေတ္တာလည်း ပိုမြင့်မား သွားမယ်လေ။

ယောဆရာတော်ဘုရားကြီး၏ ဆုံးမစကား




  • တရားရဲ့နိယာမ

တရားရဲ့ နိယာမ သဘောက “လုပ်သင့်တာ ကိုသာ လုပ်ပါ၊ ဖြစ်သင့်တာ အားလုံး ဖြစ်ပေးပါမည်၊ ရသင့်တာ အားလုံး အတိုးနဲ့ ပေးပါမည်” တဲ့။ လိုချင်တာ များပြီး လုပ်အား နည်းနေ ရင်တော့ အလို မပြည့်လို့ ကိုယ်၊ စိတ် ဆင်းရဲ ပင်ပန်းရုံ ပါပဲ။ လိုချင်တာ များပြီး လုပ်အား လွဲနေရင်လည်း အရှက်ကွဲရုံ ပါပဲ။ ရသင့်တာ လိုချင်ရင် လုပ်သင့်တာကို နည်းမှန်၊ လမ်းမှန် လုပ်ပေးရမှာပါ။

  • ကိုယ့်ဟာ ကိုယ်သာ ရွေးယူပါ။

လူ့ဘဝမှာ ဘယ်သူမဆို ကောင်းတာ ရအောင် ကိုယ့်ဟာကိုယ် ရွေးယူ ကြရမှာပါ။ ကြိုက်တာကို ရွေးရမှာ မဟုတ်ဘဲ ကောင်းတာကို ရွေးရမှာ ဖြစ်ပါတယ်။ လေယာဉ်၊ မီးရထားစတဲ့ ယာဉ်များနဲ့ ခရီး သွားကြတဲ့ အခါ ကိုယ်နဲ့ တစ်ပါတည်း ယူဆောင် သွားလို့ မဖြစ်နိုင်တဲ့ ပစ္စည်းထုပ်တွေကို အများနှင့် ရောနှောပြီး စုပေါင်း တင်ဆောင် တတ်ကြပါတယ်။ ကိုယ်သွားလိုတဲ့ နေရာကို ရောက်တာနဲ့ လက်မှတ် ဖြတ်ပိုင်း ပြပြီး ကိုယ့် ပစ္စည်းထုပ်ကို ကိုယ့်ဟာ ကိုယ် ရွေးယူ ကြရပါတယ်။ လူ့ဘဝထဲ မှာလည်း ကိုယ့်ဟာ ဟုတ်တာရော၊ မဟုတ်တာရော ရောနှောနေတဲ့ အထဲက သတိဉာဏ် ဖြတ်ပိုင်းနဲ့ ပြပြီး ကိုယ့်ဟာ ဖြစ်တဲ့ ကောင်းမှု ကိုယ်ပိုင်တရား များကို အချိန်မှီ ရွေးယူကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ဟာ ကိုယ်ပဲ ရွေးယူ ကြရမှာပါ။

  • သတိဉာဏ်နဲ့ ယူတတ်ဖို့

တစ်သိန်းတန် ပစ္စည်းကို လှူတဲ့အခါ လှူပြီးတာနဲ့ တစ်သိန်းလည်း မရှိတော့ဘူး။ တစ်သိန်းတန် ပစ္စည်းလည်း မရှိတော့ဘူး။ အရင်း ပျောက်သွားပြီ ဆိုပြီး အားငယ်သွားဖို့ လိုပါသလား။ ကိုယ့်စေတနာက လည်းကောင်း၊ လှူဖွယ်ကလည်း စင်ကြယ်၊ ဗုဒ္ဓသာသနာ ကလည်း ကြီးကျယ်၊ အလှူခံ ကလည်း အကျင့်သိက္ခာ ရှိလေတော့ ကောင်းမှု အတိုးအညွန့် ရလဒ်က ရေတွက်လို့ မရနိုင် လောက်အောင် အလွန် များသွား ပါတယ်။ မဂ်ဖိုလ်နိဗ္ဗာန် အရောက် အကျိုးပေးလို့ မကုန်နိုင် လောက်အောင် သိန်း သန်း ကုဋေမက တန်အောင် အလွန်ကြီးကျယ် မြင့်မား သွားတယ်။ ကိုယ့်ဖက်က ဉာဏ်ရှိသလောက် ကြီးကျယ် များပြား သွားတာပါ။ ပြီးသွားတာနဲ့ တန်လိုက်တာဟဲ့၊ အရတော် လိုက်တာဟဲ့၊ ဝမ်းသာ လိုက်တာဟဲ့၊ သူလည်း ချမ်းသာ၊ ကိုယ်လည်း ချမ်းသာ ဝမ်းသာစရာ ကောင်းလိုက်တာဟဲ့ လို့ ကြုံးဝါး ကျူးရင့်မိမှာ သေချာပါတယ်။ အရင်း ကုန်သွားတဲ့ နောက်က ပေါ်ပေါက်လာတဲ့ အတိုးအညွန့်ကို ဉာဏ်နဲ့ မြင်အောင် ကြည့်နိုင်လို့ ဝမ်းသာ ကြည်နူး သွားတာပါ။ အခြား ကောင်းမှုများ မှာလည်း ဒီအတိုင်းပါပဲ။ သတိဉာဏ်အား ကောင်းသလောက် ရလဒ် အတိုးအညွန့် ကြီးကျယ် များပြား မြင့်မား သွားရ စမြဲပါ။ သတိဉာဏ်နဲ့ စားသောက်ရင် သီလ သမာဓိ ဝိပဿနာ ပါအောင် စားနိုင်တော့ ထမင်း တစ်လုပ် စားပြီးတိုင်း၊ ကော်ဖီတစ်ခွက် သောက်ပြီးတိုင်း ကုန်ရကျိုး နပ်တယ်ဟဲ့၊ တကယ် တန်တာဟဲ့ လို့ စိတ်ထဲက ကြုံးဝါးမိတာ မျိုးတွေ၊ သတိဉာဏ် ရှေ့က ထားပြီး ဘုရားဂုဏ် တစ်ကြိမ် ပွားပြီးတိုင်း မေတ္တာ တစ်ကြိမ် ပို့ပြီးတိုင်း တန်လိုက်တာဟဲ့၊ ကုန်သွားတဲ့ အချိန် စိုက်ထုတ် လိုက်ရတဲ့ အားနှင့် ရလဒ် ယှဉ်မရအောင် ရလိုက်တာဟဲ့၊ ဒုက္ခ ကိလေသာကို လျှော့ပေးနိုင်တဲ့ အားတွေ ဒုက္ခ ကိလေသာ လွတ်ကြောင်း တရားကောင်းတွေ တန်ဖိုး မဖြတ်နိုင်အောင် ရလိုက်တာဟဲ့ လို့ စိတ်ထဲက အားတက်မိတာ မျိုးတွေပေါ့။


Sunday, February 26, 2012

“ဆောင်အကုန်နွေအကူး”



အပြင်ထွက်ခဲ့ပြန်တော့လဲ သစ်ရွက်တို့သည် ကြွေကျနေလေပြီ.။ တောင်လေလေးတချက် တိုက်ခတ်မှုသောကြောင့် ဖုန်မှုန့်များ လွင့်လာ၏။

အော် နွေရာသီတောင်ရောက်လာပါပြီလားဟုတွေးရင်း သစ်ပင်အိုကြီးများသည်လည်း ရိုးတံခပ်ကြဲကြဲ လေရူးလေးတွေကလဲ ခပ်သုန်သုန်
တိုက်ခတ်လို့ မိမိနေတဲ့ နေရာသည်လည်း သစ်ပင်တွေနဲ့မို့ နွေရာသီအတွက် အရိပ်အာဝါသ မဆိုးလှဟု တွေးရင်း
အိမ်ရှေ့မှ မာလကာပင်သည်လည်း အရွက်တို့ကြွေကျလျက်။ အိမ်၏ ဘက်ဘယ်တွင်ရှိသော လေခြူပင်(တရုတ်ဇီးသီး)မှ
အဖူးတို့နှင့်ဝေဆာလျက်မို့ အမှတ်ရနေမိသည်(၂၀၀၉)ခု မိမိM.A ဖိုင်နယ်တတ်ချိန်တွင် စာမေးပွဲဖြေခါနီး ခူးစားခဲ့သည်ကိုပြန်လည်အောက်မေ့နေမိသည်
အတိတ်က ပုံရိပ်များပြန်လည်မြင်ယောင်လာခဲ့၏။ နှစ်စဉ် နွေရာသီ ရောက်ခါနီး အိန္ဒိယနိုင်ငံ ရဲ့အပူဒဏ်ကို ကြောက်ခြင်းကြောင့် ပြန်လာခဲ့သည်။

ဒီနှစ်တော့ အိန္ဒိယနိုင်ငံ၏ အပူဒဏ်ကို မလွဲမသွေ ခံရပေအုံးတော့မည်။ မပြီးဆုံးသေးသော ကျောင်းသားတယောက်အဖို့ အချိန်အခါ မရွေး စောင့်ရပေမည်။
မိမိမှန်းချက်နှင့် မကိုက်ညီခဲ့။ ဒီနှစ်လဲ ၄ လ ပိုင်းလောက်ဆိုရင် ပြန်ခွင့်ရမည်ဟု တွေးထင်ခဲ့၏။သို့သော် အထင်တိုင်းမဖြစ်နိုင်။
PH.D ကျောင်းသားတယောက်အတွက် စောင့်ရအုံးမည်။ ဘယ်အချိန် ဘယ်ကာလဆိုသည်ကို မသိရသေး။ ဗီဇာလဲ များမကြာမီကုန်တော့မည်။
ကျေင်းသားတယောက်ဖြစ်ဘို့ အချိန်တွေအတော်များများပေးဆပ်ထားခဲ့၏။ သို့သော်…

Saturday, February 25, 2012

သိသင့်သော မြင့်မိုရ်တောင်နှင့်စကြာဝဠာအကြောင်း

မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။

ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။ တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီး တည်ရှိပါတယ်။ ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံပါ။

စကြာဝဠာတစ်ခုဟုသတ်မှတ်သော ကမ္ဘာမြေကြီးရဲ့အ၀န်းအကျယ်မှာ ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊ (၁)သောင်း၊ (၃၅၀)ကို သတ်မှတ်၏။ ကမ္ဘာမြေ၀န်းကြီးကို ကျောက်တောင်ကြီးများက ၀ိုင်းဝန်းရစ်ပတ်ပြီး တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာရေပြင်ကြီးရှိတယ်။ ထိုသမုဒ္ဒရာဟာ အနက်ဟာ ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ ရေတွင်းမှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်းနှစ်ခုပေါင်း (၁)သိန်း(၆)သောင်း(၈)ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။ အဲဒီတော့ သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေအနက် စုစုပေါင်းဟာ ယူဇနာ(၂)သိန်း၊(၅)သောင်း၊ (၂)ထောင်ရှိပါတယ်။ သမုဒ္ဒရာရဲ့အလယ်တည့်တည့်မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ ယူဇနာရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။

ထိုသမုဒ္ဒရာ၏ ပတ်ဝန်းကျင်တွင် သီဒါခေါ်သော မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်၏အောက်တစ်ဝက်လောက်နိမ့်တဲ့ ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြားကာ တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ၀ိုင်းရံနေကြပါတယ်။ ထိုမြင့်မိုရ်တောင်နဲ့တောင်စဉ်(၇)ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင် ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တ၀ါများ နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ကျွန်းကို အရှေ့ကျွန်း၊ အနောက်ဘက်ကို အနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။

ယုဂန္ဓိုရ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည် တည်ရှိနေပါတယ်။ ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့ မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကတော့ ကောင်ကင်ပေါ်မှာ တည်ရှိနေကြပါတယ်။ ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ် ယူဇနာအကွာအဝေး လေးသောင်းနှစ်ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။ မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင် ဗြဟ္မာဘုံများ ရှိကြပါတယ်။

ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။ စကြာဝဠာတစ်ခုအတွင်းမှာ နေတစ်ခု လတစ်ခု ရှိကြပါတယ်။ နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့အမျှ ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက် ပျက်ဖော်ပျက်ဖက် စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင် များစွာရှိတယ်လို့ မိန့်ခဲ့တာပါ။

တစ်ခါ လောကဓာတ်အနေနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စကြာဝဠာပေါင်း ကုဋေတစ်သိန်းကို မဟာလောကဓါတ်တစ်ခုလို့ခေါ်ပါတယ်။ အဲဒီမဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုတစ်ခုစီ ထပ်ခွဲလိုက်ပြီးလျှင် အဲဒီထဲကမှ တစ်သောင်းအုပ်စုတစ်ခုကို မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။
မဇ္ဈိမလောကဓါတ်ကို စူဠလောကဓါတ်လို့ခေါ်တဲ့ စကြာဝဠာတစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုတုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလည်း လိုက်ပြီးတော့ တုန်လှုပ်ပါတယ်။

ဦးဇင်းတို့ရဲ့ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်အထံမှ နိယတဗျာဒိတ်ခံယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့ စဉ်းစားပါတယ်။ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့ မိမိဘာသာ သိမြင်သောအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့ တုန်လှုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့ စကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့အတူ လိုက်ပြီးတော့ တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။ ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။

အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ စကြာဝဠာတစ်ခုရှိပါတယ်။ အဲဒီစကြာဝူဠာထဲမှာ အရှေ့ကျွန်း အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်း ရှိပါတယ်။ အဲဒီကျွန်းကြီးလေးကျွန်းထဲက တောင်ကျွန်းမှာ မဇ္ဈိမဒေသအရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါဘုရားရှင်များ၊ပွင့်ကြပြီး ကျန်ကျွန်း(၃)ကျွန်းမှာ မပွင့်ကြပေ။ အခု ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာအပြင် ကျန်တဲ့စကြာဝဠာများမှာလည်း ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာလို သုံးဆယ့်တစ်ဘုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီစကြာဝဠာတွေမှာ ဘုရားရှင်များ၊ လူအရိယာများမရှိကြဘဲ စကြာဝတေးမင်းနှင့် နတ်ဗြဟ္မာအရိယာများသာ ရှိကြပါတယ်၊၊

အဲဒီတော့ မဟာလောကဓါတ်ကြီးထဲက သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စကြာဝဠာတစ်ခုကို ဖယ်ထားလိုက်ရင် အခြားစကြာဝဠာပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော စကြာဝဠာတိုင်းမှာ သုံးဆယ့်တစ်ဘုံရှိတယ်။ ဘုရားရှင်များ၊ လူအရိယာများ၊ ရဟန်းအရိယာများ မရှိ။ နတ်အရိယာ၊ ဗြဟ္မာအရိယာနဲ့ စကြာဝတေးမင်းများသာ ရှိကြတယ်။ နတ်အရိယာ၊ ဗြဟ္မာအရိယာရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ၊ ရဟန်းအရိယာ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။ လူအရိယာ၊ ရဟန်းအရိယာမရှိတာက သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများ မရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာ သာသနာပများဖြစ်ကြသော်လည်း အလေ့အလာ ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စကြာဝဠာများမှာ ပစ္စေကဗုဒ္ဓါများလည်း မပွင့်ကြလို့ မရှိကြတာပါ။

အရိယာ နတ်တွေဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့ စကြာဝဠာမှာ တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန် အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေ တရားနာလာကြတယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။ ဒါကိုကြည့်ရင် အခြားစကြာဝဠာက လူတွေလည်း ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။ သူတို့စကြာဝဠာမှာ စကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။ လူတွေဟာ စကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့ သီလတွေထိန်းသိမ်းကြမယ်။ ဒါနေတွေပြုကြမယ်။ သမထတွေပွားများကြမယ်။ ပြီးတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ ပြီးတော့ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့ အခြားသောစကြာဝဠာများမှာလည်း လူသားများ ဧကန်ရှိကြတယ်လို့ မှတ်ရပါမယ်။ ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော် အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာပေါင်း ကုဋေတစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ အများကြီးပဲရှိပါတယ်။ အဲဒီ အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။ ဒါကတော့ စကြာဝဠာအကြောင်းကို ပိုရှင်းအောင် ရှင်းပြတာပါ။

မြတ်ဗုဒ္ဓတာဝတိံသာကို ကြွချီတော်တဲ့အခါတုန်းက ရတနာစင်္ကြံမှာ ခြေတစ်ဖဝါးချပြီး လက်ယာခြေတော် လှမ်းတော်မူကာ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော်မူပြီးနောက် မြင့်မိုရ်တောင်ထိပ်ကို တစ်ဖဝါးချတော်မူတယ်လို့ ဆိုကြပါတယ်။ တန်ခိုးတော်နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါးနဲ့ ကြွချီတော် မူခဲ့တာပါ။
ကမ္ဘာတစ်ခုပျက်သောအခါ မြေ၊ မီး၊ လေ၊ ရေ စသော ဓာတ်ကြီးလေးပါးတစ်မျိုးမျိုးနှင့် ပျက်ပါတယ်။ ထိုသို့ကမ္ဘာပျက်သောအခါ သုံးဆယ့်တစ်ဘုံတွင် ကောင်းမှုအရင်းခံသောသူများသည် ကမ္ဘာပျက်ကာလတွင် ဒုတိယဈာန်ဘုံစတဲ့ ဗြဟ္မဘုံများမှာ ပြောင်းရွေ့နေကြရသလို မကောင်းမှု အရင်းခံသောသူများသည် အ၀ီစိငရဲတွင်နေပြီး ကမ္ဘာတံတိုင်းဟုခေါ်သော မဲမှောင် ပိတ်ဖုံးနေသည့် ချောက်နက်ကြီးများတွင် ပြောင်းရွေ့ကာ ဒုက္ခခံကြရတယ်။

ယခုလို ကျယ်ပြောလှတဲ့ ဘုံလောကများကိုတွေးကြည့်ရင် သံသရာ၏ ကြောက်မက်ဖွယ်ကို သိမြင်လာပါလိမ့်မယ်။ ဘ၀မျိုးစုံကို လိုချင်နေသမျှ ကာလပတ်လုံး ဘ၀သံသရာတွင် ကျင်လည်နေကြရကာ ဒုက္ခပင်လယ် ဆိုက်ရောက်နေဦးမည်မို့ ကြောက်မက်ဖွယ်ရာသံသရာမှ အမြန်ဆုံးလွတ်အောင် ဒါန၊ သီလ၊ ဘာဝနာများကို အသက်ရှင်စဉ် ဘ၀ကောင်းလေးမှာ များများပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။

တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန် ခဲယဉ်းလှပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးကျပ်လောက်ပေးရင်ရတဲ့ အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင်လည်း အော်တဲ့လူသာ အရူးဖြစ်မှာပါ။ ခုလည်း မြင့်မိုရ်တောင်ဟာ အလွန်အင်မတန်ကြီးမားပြီး နု့ညံ့လှတဲ့အတွက်ကြောင့် အဲဒီအရာဝတ္ထုကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရသူတွေသာ မြင်နိုင်တာပါ။ မိမိတို့က တကယ်မြင်ချင်တယ်ဆိုရင်တော့ ငါးကျပ်တန်ကုသိုလ်ကောင်းမှု၊ လုံးလ၀ီရိယလေးနဲ့ မြင်ချင်တယ်အော်မနေဘဲ တစ်သိန်းလောက်ပေးမှရတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရအောင် ကြိုးစားကြည့်ရမှာပါ။

ဒါကြောင့်လည်း လယ်တီဆရာတော်ကြီးက နိုင်ငံခြားသာတစ်ယောက်ကို မင့်တို့ လေးငါးခြောက်သိန်းပေးရတဲ့ မှန်ဘီလူးနဲ့တောင် အဝေးကြီးမှာရှိတဲ့ အရာတွေကိုမြင်ရသေးရင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီများစွာကို ပင်ပန်းခံဖြည့်ကျင့်မှရတဲ့ သဗ္ဗညုတဉာဏ်က မင့်တို့ မှန်ဘီးလူးတွေထက် အဆပေါင်းများစွာ အစွမ်းထက်ရမှာပေါ့။ မင့်တို့ မှန်ဘီးလူးနဲ့ကြည့်လို့မရတဲ့အရာကို မရှိဘူးဆိုပြီး လျှောက်ပြောလို့မရဘူးလေ။ မင့်တို့မှန်ဘီးလူးက ဒီတစ်ဘ၀စာရင်းရင် ရတယ်။ သဗ္ဗညုတဉာဏ်က လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတောင် ရင်းခဲ့ရတာ။ အဲဒါကြောင့် မင့်တို့ မှန်ဘီးလူးထက် သာတယ်ဆိုတာ မင့်ယုံရမယ်လို့ နိုင်ငံခြားသားတစ်ယောက်ကို ပြောလိုက်တဲ့အခါ နိုင်ငံခြားသားလည်း ခေါင်းမိုင်ချပြီး အရှုံးပေးခဲ့ရပါသတဲ့။

ဒီထက်မက မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ပိုမိုပြည့်စုံစွာသိရှိချင်ပါက ပထမဦးဆုံး ဝိသုဒ္ဓိ (၁၊ ၁၉၉) http://tipitakamyanmar2.blogspot.com/2011/08/blog-post_7312.htmlမှာ လောက၀ိဒူအဖွင့်ကိုပြထားတဲ့ အခန်း(၁၃၅)ကနေ စဖတ်ကြည့်လိုက်ပါ။ ဒုတိယအနေနဲ့ ဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက လောက၀ိဒူအကြောင်းကို ဖတ်ကြည့်ပါ။ တတိယအနေနဲ့ကတော့ တည်တောဆရာတော်ကြီးရဲ့ အမေးအဖြေများ အမှတ်စဉ်(၂)ကို ဖတ်ပါ။ စတုတ္ထအနေနဲ့ကတော့ ဓမ္မာစရိယ လွှမ်းအောင်ရေးထားတဲ့ ဤစကြာဝဠာစာအုပ်ကို ၀ယ်ဖတ်ပါ။ အဲဒီစာအုပ်ဟာ အင်တာနက်မှာ ၀ယ်ရမည့်စာအုပ်ဖြစ်နေသဖြင့် ဦးဇင်းလည်း ၀ယ်ဖတ်မရလို့ သေချာပြည့်စုံပါမပါတော့ မသိရသေးပါ။ သို့သော် အင်တာနက်ကနေ ၀ယ်နိုင်မည့်လူများ၊ မြန်မာပြည်ကလူများ ၀ယ်ယူဖတ်ကြည့်လျှင် မြင့်မိုရ်တောင်အကြောင်းကို ပြည့်စုံစွာ သိရပါလိမ့်မယ်။ စာအုပ်မာတိကာမှာတော့ အပြည့်စုံရေးထားတယ်လို့ http://www.myanmarbookshop.com/MyanmarBooks/BookDetails/18595ဒီဆိုဒ်မှာ ကြေညာထားတာ တွေ့ရပါတယ်။

မှတ်ချက်-- ဤမြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းများကို ဦးဇင်းအား ခဏခဏအမေးခံရ၍ စာဖတ်ပရိသတ်များသိရှိစေရန်အကျိုးငှါ ဦးဇင်းနေရာစုံမှ ရှာဖွေဖတ်ရှု့ပြီး ရေးသားတင်ပြလိုက်ခြင်းဖြစ်တာကြောင့် ဦးဇင်းထက်ပိုမိုကာ ဗဟုသုတပြည့်စုံသူ စာဖတ်ပရိတ်များအနေဖြင့် အမှားတွေ့ပါကလည်း အမှန်ပြင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ စာဖတ်သူအားလုံး ဗဟုသုတကြွယ်ဝကာ မိမိဘာသာကို ပိုမိုလေ့လာယုံကြည်ပြီးသကာလ ပိုမိုလေ့လာလိုက်စားနိုင်ပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာများကိုလည်း နေ့စဉ်မပြတ်ပြုလုပ်ပြီး ပန်းတိုင်ကိုလျင်မြန်စွာ ရောက်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးနေလျက်……။


http://www.sanninaymin.com/`ဤ နေရာမှ ကူးယူတင်ပြပါသည်။။

ကမ္ဘာ့အရပ်ပုဆုံး နီပေါကအဖိုး

အသက် ၇၂ နှစ်အရွယ်တွင် အရပ်အမြင့် ၂၂ လက်မသာရှိပြီး ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်စာအုပ်တွင် ထည့်သွင်းဖော်ပြခံရဖွယ်ရှိသည့် နီပေါနိုင်ငံမှ အဖိုးအို ချန်ဒရာ ဘဟာဒါ ဒန်ဂီ။

world's  shortest man

world's shortest man

world's shortest man

world's shortest man

world's shortest man

world's shortest man

world's shortest man


world's shortest man

တလောက အိန္ဒိယနိုင်ငံကကျောင်းသူလေး ဂျိုတီးဂျိန်းသည်လည်းကမ္ဘာ့အရပ်အပုဆုံးကျောင်း

သူအဖြစ် ရှိခဲ့ဘူးသည်.ယ္ခုမူ နီပေါနိုင်ငံက အဖိုးအိုသည်လည်း

မေးတခုမှတွေ့၍ တင်ပြလိုက်ပါကြောင်း..

Monday, February 20, 2012

မိဂဒါဝုန်ထဲဝယ် ဆရာရှင်တို့၏ မေတ္တာပို့သံသည်ကား

" ဆရာရှင်နှင့် ဦးဇောတိက (မိုးကုန်)တို့ အာသောက ကျောက်စာတိုင်၏ ရှေ့ဝယ်"
"ဆရာရှင်နှင့် သူ၏ဒကာမများ မိဂဒါဝုန်ရှေ့ဝယ်"
"ဆရာရှင်နှင့် နန္ဒိယကျောင်းတော်ရာ"
ဆရာရှင်နှင့် ဓမ္မေခစေတီတော်(မိဂဒါဝုန် ဗာရာဏသီမြို့)
"မိဂဒါဝုန်အထဲရှိ နန္ဒိယ ကျောင်းတော်ရှေ့တွင် ဆရာရှင်နှင့် ဦးဇောတိက(မိုးကုတ်)"
"ဆရာရှင် ဓမ္မစကြ်ာရွတ်ဖတ်ပူဇော်နေစဉ်(ဓမ္မစကြ်ာတရားဦးဟောတော်မူရာ၌)"
" ဆရာရှင်နှင့် သူ၏ ရဟန်းအမကြီးများနှင့် ကျောင်းသားလေး"

မနက် အာရုဏ်ဆွမ်းထမင်ကြော်နှင့် ကော်ဖီမစ်များဘုဉ်းပေးပြီး ဆရာရှင်တို့ ကားပေါ်တတ်နေကြပြီ။ အေးအေးဆေးဆေး တောင် ဆရာရှင်တို့ နေခွင့်မရခဲ့။ မြတ်စွာဘုရားဓမ္မစင်္ကြာတရားဦးဟောရာ မိဂဒါဝုန်ထဲသို့ ဆရာရှင်တို့ အဖွဲ့ စုစုပေါင်းကား၃ စီး လူဦးရေပေါင်း၁၀၈ ယောက်သည် နေရာယူနေကြပြီ။မိမိမှာတော့ ဆရာရှင်တို့ ညမှမှာထားသော ပစ္စည်းအချို့ ၀ယ်ရပေဦးတော့မည်မို့ မိမိစက်ဘီးလေးနဲ့ အအေးဒဏ်ကိုအံတုကာ လူသူကင်းမဲ့နေတဲ့ စရဏ ရပ်ကွက်ငယ်လေးမှာ တိတ်ဆိတ်လျှက် မိမိမှာတော့ မြန်မာပြည်မှ ကိုဂျင်မီနှင့်မာကည်ကြည်တို့ ပို့ပေးလိုက်သော ကော်ဖီမစ်နှင့် လဘက် သရက်ချဉ် ဆရာရှင့်၏ ဒကာမများမှလှူဒါန်းသော ငါးခြောက်ကြော်နှင့် ငါးပိကြော်ဘုန်းတော်ကြီးဦးဇောတိက လှူသော သင်္ကန်းများကို မနိုင်မနင်း စက်ဘီးလေးပေါ်သို့ တင်လျှက် မှုန်ပြပြ မီးရောင်လေးတွေကို အဖေါ်ပြုလျှက် ဟော စရဏ ဘူတာနားအရောက် ။မလှမ်းမကမ်းမှ စက်ဘီးကို အမြန်နင်းကာ လိုက်လာသော လူတစု မိမိသည်လည်း ရှေ့မှ အမြန်နင်းလျှက် လန့်တော့အလန့်သား။ သို့သော် ဘာမှတော့မဖြစ်ခဲ့..။ မိမိသည် မိမိအမြဲသွာနေကြ အိမ်သို့ အမြန်နင်းလို့ရောက်ခဲ့ပြီပေါ့။ထိုနေရာတွင် မီးတို့သည် ထိန်ထိန်လင်းလျှက် လူတို့သည် ဟို တစု ဒီတစု တွေ့နေရတော့၏။ မိမိနေထိုင်ရာ အိမ်သို့ ရောက်ပြန်တော့လဲ အ၀င်ဝတံခါးသည် ပိတ်ထားလျှက် မိမိနှင့် အခဏ်းကပ် ဗီယက်နမ် ဆရာလေးအား ဖုန်းဆက်ပြီး တံခါးဖွင့်ပေးရန်အကူညီတောင်းရတော့၏။ နံနက် ၄ နာရီကျော်ကျော်မို့ မဇ္ဈိမသားတို့သည် အိပ်မောကျနေဆဲ။ ထိုအချိန် မိမိမှာတော့ အလုပ်ရှုပ်နေမြဲ။ အမိမြန်မာပြည်မှပါလာသော ပစ္စည်းများ ထားကာ စရဏ ရပ်ကွက်ဆီသို့ ဈေးဝယ်သွားရတော့၏။ လင်းအားကြီးချိန်ရောက်သော်လည်း ဈေးဆိုင်တို့သည်မဖွင့်သေး။ မိမိလည်း ဆရာရှင်တို့ မှာထားသော ပစ္စည်းများရရှိရန် အိပ်မောနေကြသော ဆိုင်ရှင် (RITU JAME) ရီတူး သို့ ဖုန်းဆက်ကာ ဈေးဝယ်လာတာ တံခါးဖွင့်ပေးဘို့ပြော၏။ ၃ မိနစ်အကြာ မိမိလိုသော ပစ္စည်းများယူပြီး ဆရာရှင်တို့ ရောက်နေသော မိဂဒါဝုန်အတွင်းသို့ အပြေးဝင်ခဲ့မိတော့၏။ ဆရာရှင်တို့သည် ဓမ္မစကြ်ာ တရားဦးဟော်တော်မူရာနေရာတွင် သံပြိုင် ဓမ္မစကြ်ာများရွတ်ဆိုပူဇော်နေကြသည်။ မိမိမှာ ဆရာရှင်၏ ရှေ့မှ သွား၍ အမှတ်တရ ဓါတ်ပုံများရိုက်ပေးခဲ့သည်။ ဘုန်းတော်ကြီးဦးဇောတိကမှ ရွတ်နေဆဲမှာ မိမိအား သူ့၏ရှေ့မှ ဗွီဒိယို ကင်မရာကိုပြ၏။ ရိုက်ခိုင်းခြင်းသင်္ကေတ ပေါ့။ မိမိလည်း ထိုကင်မရာကိုယူကာ ဆရာရှင်နှင့် ဘုန်းတော်ကြီးဦးဇောတိက တို့အား၎င်း ဓမ္မေခစေတီတော်ကြီးအား နေရောင်ခြည်သည် အာရုဏ်တတ်ချိန်မို့ ခပ်ရေးရေး ရှုခင်းသည်လည်း အင်မတန်ကြည်ညိုဖွယ်ရာ ဖြစ်တော့၏။ မိမိလည်း အနည်းငယ်မျှ ရိုက်နေချိန်တွင် ဓမ္မစကြ်ာရွတ်ဆိုချိန်ပြီးဆုံးပြီမို့ မေတ္တာပို့သံသည်လည်း မိဂဒါဝုန်တောအတွင်း၌ ပျံ့နှံ့လျက် ရင်ထဲမှာတော့ပီတိလှိုင်းတို့သည် ပြောမပြတတ်အောင် ရှိတော့၏။ မိမိအဖို့ ၅ နှစ်တာတောအတွင်း မြန်မာအဖွဲ့၏ မေတ္တာပို့သံ ကြားရခြင်းဟာ ပထမဆုံးအကြိမ်မို့ အစ္ဆရိယံ ၀တ ဘော။ အဗ္ဘုတံဝတ ဘော.။ လို့တောင် ပြောရမလောက် ဖြစ်ခဲ့မိ၏။

ဆရာရှင်တို့အား ဓမ္မေခစေတီတော် နောက်ခံပြုလျှက်ဓါတ်ပုံ ရိုက်ပေးခဲ့သည် စိတ်တိုင်းတော့မကျလှ ။အကြောင်းမှာ နေရောင်ခြည်သည် နည်းနေခြင်းကြောင့် ဆရာရှင်သည် ဓမ္မစကြ်ာတရားဦးဟောတော်မူရာနေရာတွင် ရွှေဆိုင်းများချခြင်း မိမိမှလည်း အာသောက ကျောက်စာတိုင်များ ဘိက္ခုနီမတို့ရေချိုးသွားရာနေရာတို့အား၎င်း နန္ဒိယကျောင်းတော်ရာအား၎င်း။ ထိုမှ ယဿသူတို့သား တရားဟောခဲ့ရာနေရာတို့အားလည်း လိုက်လံပြသပေးခဲ့သည် အချိန်ကား မလောက်ငခဲ့။ ခပ်ဝေးဝေးမှ မိုက်နဲ့ခေါ်နေပြီပေါ့။ မကြာခင်အချိန်မှာ သင်္ကဿမြို့သို့ သွားရမည်မို့ ကားပေါ်တတ်ကြရန်ခေါ်နေချေပြီ။ ဆရာရှင်အား ဗာရာဏသီမြို့ ရှိ နေရာများကို ပို့ပေးဘို့ ရည်ရွယ်ခဲ့သမျှ ခုတော့ အချိန်မရခဲ့ပြီမို့ စိတ်တော့မကောင်းမိ။ ဆရာရှင်တို့ မြတ်စွာဘုရား တရားဦးဟောရာ မိဂဒါဝုန်ထဲမှာတောင် အမြန်ဖူးခဲ့ရသည်ကို တွေ့ရ၍ များစွာစိတ်မကောင်းဖြစ်မိပြီး.အခြားနေရာဋ္ဌာနများကို လိုက်ပို့ချင်သော ဆန္ဒတွေလဲ ခဲလေသမျှ ဖြစ်ခဲ့ရပြီ မို့ ဆရာရှင့် ရောက်ခိုက် တာဝန်မကျေမှုတွေကို ဆရာရှင် နားလည်သဘောပေါက်ပါစေ လို့။

ဤ post လေးဖြင့် ဆရာရှင်အား ပူဇော်ကန်တော့လိုက်ပါသည်။ ယ္ခု post တင်နေချိန် ဆရာရှင် နယူးဒေလီမြို့ မဟာသိပဋ္ဌာန်ဟောတော်မူရာနှင့် တာဝတိံသာနတ်ပြည်မှ ဆင်းတော်မူခဲ့သော နေရာမြတ်တို့ ဆရာရှင်ဖူးမျှော်နေလောက်ပေပြီ။ ကိုယ်တိုင်လိုက်ပို့ချင်သော ဆန္ဒတွေ ၇ှိနေသော်လည်း ဆရာရှင်တို့ အဖွဲ့စည်းနဲ့ဆိုတော့လဲ မတတ်သာလို့ ခပ်ခွာခွာလေးကနေ ဆရာရှင်အား မေတ္တာပို့ ဆုတောင်းပတ္တနာများပို့သနေမိပါတယ်ဆိုတာ ဆရာရှင် သိပါစေ..လို့။။။

Sunday, February 19, 2012

“မြင်းမူမြို့ ပဇ္ဇောတာရုံကျောင်းတိုက်ဆရာတော် အိန္ဒိယနိုင်ငံသို့ကြွ”

" ဘုန်းတော်ကြီး ဦးဇောတိကအားလည်း ဗာရာဏသီဖြစ် ကောဇောကို အမှတ်တရအဖြစ် လှူဒါန်းခဲ့"
"ဆရာရှင်အားလည်း ကာသိတိုင်းဗာရာဏသီဖြစ် ကော်ဇောကို အမှတ်တရအဖြစ်လှူဒါန်းခဲ့ပါသည်"


မိမိသည် သာမဏေ ကိုရင်ဘ၀ မှာ အခြေခံစာပေ စာဝါများစတင် သင်ကြားပေးသော ဆရာရှင်သည် မိမိပညာသင်ရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဒဂယာ မြေမြတ်မဟာနှင့်တကွ သံဝေဇနိယ လေးဋ္ဌာန နှင့်အ၀ိဇဟိတ လေးဋ္ဌာန ဘုရားဖူးကြွလာမည်ဖြစ်ကြောင်း မိမိ၏ ရဟန်းအမကြီးမှ ဖုန်းဆက်ပြီးအကြောင်းကြားပေးခဲ့သည်။ မိမိမှာ ငယ်စဉ်အခါက ပညာသင်ကြားပေးသော ဆရာရှင် ကြွလာမည်ဆိုသောကြောင့် ပျော်ရွှင်မိတော့၏။ ဆရာရှင် အိန္ဒိယနိုင်ငံအတွင်း၌ ဘုရားဖူးလှည့်လည်စဉ် ဆက်သွယ်မှုရရှိစေရန် ဟန်းဆက်နှင့်တကွ ဖုန်းကဒ် တို့ကို ပြုလုပ်ပေးထားခဲ့၏။ မတွေ့ရတာကြာပြီဖြစ်သော ဆရာရှင်အားဖူးမျှော်လိုသည် အမိမြန်မာပြည် ရောက်ရှိခိုက် တကူးတက သွားဘို့ အကြောင်းတရားမရှိ၍ မတွေ့ခဲ့ရသည့် နှစ်ပေါင်းအတော်ကြာမြင့်ခဲ့ချေပြီ။ မိမိပညာသင်ယူခဲ့စဉ်အတွင်း စိတ်သဘောထားကြီးစွာ အဂတိ လိုက်စားမှုကင်းရှင်းစွာဖြင့် စာသင်တိုက်ကြီးကို အုပ်ချုပ်ခဲ့သည့် အုပ်ချုပ်ခဲ့သည့်အလျှောက် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့သည်။ မြင်းမူမြို့ကလေးသည် သေးငယ်၏။ မြို့အထွက်တွင်တည်ရှိ၏။ မိမိတို့နေထိုင်ခဲ့သော နှစ်တွင် ရေလုံလောက်စွာမရရှိခဲ့။(၁၃၄၆)ခု ဥပုသ်နေ့များတွင် ရာကောက်ကျောင်းအမည်ရှိကျောင်းကို လျှော်စရာသင်္ကန်းများယူကာ သွားရောက် ရေချိုးခဲ့ရ၏။ ရေရှားပါးခဲ့၏။ မှတ်မှတ်ရရ တခါတရံ မြို့ထဲနေသူ ဒကာ/မ တို့သည် မြစ်ထဲမှ ရေကို အိုးများကိုယ်စီရွက်စေလျှက် ကျောင်းတိုက်သို့ပို့ဆောင်ခဲ့ကြသည်။ပြန်လည်မြင်ယောင်မိတော့၏။ တနေ့ အမိ ပညာသင်ယူခဲ့သော ကျောင်းတိုက်၏ ငွေရတုအထိမ်းအမှတ်ပြုလုပ်၏။ ကျောင်းသားဟောင်းများစွာတို့ဖြင့်တွေ့ဆုံကြ၏။ ဘွဲ့တွေမမှတ်မိကြ အချင်းချင်းမှတ်မိနေမိ၏။ ၄င်းငွေရတု ပွဲတော်တွင်အမှတ်မထင် ရောက်ခွင့်ကြုံလိုက်၏။ ထိုအချိန်တွင် မိမိတို့နေခဲ့သည်နှင့် မတူညီတော့ ။ ရေတွေပေါ၏။ အဆောက်အဦးတို့သည်လည်းစီစီရီရီနှင့် သစ်သီး ၀လံတို့သည်လည်းဝေဆာလျှက် ဆရာရှင်သည် တပည့်တွေ နေရာဋ္ဌာနအသီးသီးမှ ရောက်လာကြသည်ကို တွေ့ရှိရ၍ ဆရာရှင်ရဲ့ အပြုံးပန်းကို ယနေ့ထိ မြင်ယောင်နေဆဲ။ ဆရာရှင်ရဲ့ လက်သုံးစကား ကောင်လေးတွေ ရောက်လာကြတယ်ပေါ့…တဲ့။မှတ်မိနေမိ၏။ ရွှေရောင် ကွက်ထားသော ရွှေသွားသည်လည်း တောက်ပလျှက် ဆရာရှင်၏ အပြုံးပန်းတို့သည် မမေ့နိုင်ခဲ့။ ဆရာရှင်ကျောင်းတိုက်တည် ၂၅ နှစ် ငွေရတု ပွဲ ဆင်နွဲခဲ့သည် မိမိတို့လည်း တတ်ရောက်နိုင်ခဲ့သည်။ ၂၅ နှစ်ပြည့်ငွေရတုကျောင်းကြီးသည်လည်း ၀င့်ကြွားထည်ဝါလျှက်။ ဆရာရှင်ကြွလာမည်ဆို၍ ဆရာရှင့်၏ သာမဏေဘ၀မှ ပညာသင်ကြားပေးခဲ့သည့် ဆရာရှင်၏ ကျေးဇူးကိုအောက်မေ့နေမိသည် တွေးတောနေမိသည်။ စာမေးပွဲ အထူးနီးကပ်သည့်အခါများတွင် နေ့လည် တနာရီထိုးသည်နှင့် ကျောင်းစဉ် လှည့်လည်ကာ တပည့်များကို စာကျက်ရန် နှင့် လိုအပ်သည့် စာများဖြည့်ဆည်းရန် အပင်ပန်းခံကာ လိုက်လံနှိုးဆော်ပေးခဲ့သည့် ပုံရိပ်တို့သည် မြင်ယောင်နေလျှက်။ ယ္ခု ဆရာရှင် မိမိပညာသင်ရာကြွရောက်မည်ဆိုတော့လည်း ဆရာရှင် အကြောင်းတွေ ဆရာရှင် ရဲ့ စေတနာပြည့်ဝမှုတို့ကို အောက်မေ့နေကာ အတွေးနယ်ချဲ့ခဲ့သည်။

ဆရာရှင်အိန္ဒိယနိုင်ငံသို့အရောက် အဆက်သွယ်မရရှိသေး။ လေယာဉ်ဆင်းပြီဆိုတာ သိနေမိသည် သို့သော် ဆရာရှင်သတင်း ဘာမှမသိရသေးခဲ့။ (၁၈ .၂.၂၀၁၂)ညနေအချိန် ဖုန်းဝင်လာသည် ဆရာရှင်၏ အသံမှတ်မိနေသည် အလွတ်ရနေသည်။ ဂင်္ဂါမြစ် နားရောက်နေပြီဟူသတဲ့။ မိမိလည်း ဆရာရှင်အားတွေ့ဘို့ အရေးတွေးပြီး တပါးထည်းအလုပ်ရှုတ်နေသည်။ ဆရာရှင်တို့ မဇ္ဈိမသုခကျောင်းမှာတည်းခိုမည်ဟု သိထားခဲ့သည်မို့ ထိုကျောင်းသို့ သွားစောင့်နေခဲ့၏။ တော်တော်နှင့်မရောက်လာခဲ့ချေ။ စိတ်ထဲမရိုးမရွဖြစ်နေမိတော့၏။ကားမီးတွေ့တိုင်းထွက်မျှော်မိသည်။ ဆရာရှင်တို့သည် မူလဂန္ဒကုဋီတိုက်ကို ၀င်ရောက်ဖူးမျှော်နေသည် .တဲ့။ လေယာဉ်ပေါ်ကဆင်းကထဲက ဘာဘုရားမှမဖူးခဲ့ရသေး။လေယာဉ်သည် ဂယာမြို့သို့ဆင်းခဲ့သည်။ အမှန်မှာဂယာမြို့ကို အရင်ဦးတိုက်သင့်၏ သို့သော် ဖူးဘို့နေနေသာသာ အိပ်တောင်မအိပ်ရဟူသတဲ့။ ရာဇဂြိုဟ်မြို့သို့ သွားရောက်အိပ်ခဲ့ရသည်။ ထှို ည အာရုဏ်ဆွမ်းဘုဉ်းပေးသည်နှင့် ဗာရာဏသီရွှေမြို့တော်သို့ အရောက်လာခဲ့တော့၏။ ဆရာရှင်နှင့်တကွ ဒကာ/မတွေရဲ့ ပြောစကားကြားနေရ၏။ လေယာဉ်ဆင်းကထဲက ဘုရားကို ဗာရာဏသီရွှေမြို့တော်မှာ ဖူးရသည်တဲ့။ ကား ဟွန်းသံသည် ရှည်ကြာစွာတီးလျှက် ဆရာရှင်တို့ ရောက်လာခဲ့ပြီကော.။အပြေးသွားကြိုသည် ထုံးစံအတိုင်းဆရာရှင်ကိုတွေ့သည်နှင့် အပြုံးနှင့်ဆီးကြိုကာ မိမိလည်းအိပ်ကိုယူကာ ဆရာရှင်တို့ နေရမည့်နေရာကို သွားရောက်ပို့ပေးရင်း ဆရာရှင်ကို ဦးချမိတော့၏။ ထွေရာလေးပါး ပြောဆိုကြသည်။ နောက်နေ့အာရုဏ်ဆွမ်းဘုဉ်းပေးပြီးသည်နှင့် ဗာရာဏသီရွှေမြို့တော်မှ သင်္ကဿမြို့သို့ခရီးဆက်ရမည်။ မိမိမှာ ဆရာရှင်အား မြတ်စွာဘုရား(၈)၀ါမြောက်ဝါဆိုတော်မူခဲ့သော ရှေးအတိတ်ဘ၀က မိဘတော်စပ်ခဲ့ဘူးသော နကုလပိတာ နကုလမာတာ တို့နေထိုင်ရာ သံသုမာဂိရိမြို့သို့ပို့ဆောင်ပေးမည် ရာမနန်းတော်လည်း ပို့ပေးမည်ဟု အတွေးတို့သည် ယ္ခု တော့ ဆရာရှင်တို့နှင့်ခဏတာတွေ့ဆုံခွင့် ရရှိခဲ့၏။ ည တနာရီနီးပါးခန့်ထိ စကားတွေပြောဖြစ်ခဲ့သည်။ မိမိ၏ ဆရာရှင်အား ဗာရာဏသီရွှေမြို့တော်ဖြစ် ကော်ဇော တထည်နှင့် မိုင်လိုတပုလင်း နှင့် အမိမြန်မာပြည် စာသင်တိုက်အား ဆက်သွယ်မှုရရှိစေရန် ဖုန်းတလုံး လှူခဲ့သည်။ သို့သော် ဆရာရှင်သည် ဖုန်း၏ တန်ကျေးကို စွန့်ခဲ့၏။ မိမိမှာ လှူတာဖြစ်ကြောင်းလျှောက်သော်လည်း ကော်ဇောလှူတာပဲ ဟူသတဲ့။ ဆရာရှင်နှင့် အတူကြွလာသော ဘုန်းတော်ကြီး ဦးဇောတိက(မိုးကုတ်)သည်လည်းမိမိတို့အား ပရိယတ္တိစာပေများ သင်ကြားပေးခဲ့သည်။ဘုန်းတော်ကြီး ဦးဇောတိက အားလည်း ကော်ဇောတထည်လှူဒါန်းခဲ့သည်။ ဘုန်းတော်ကြီး ဦးဇောတိက ၏ လက်သံသည်လည်းပြောင်မြောက်၏။ မိမိတို့ ဘုရားဝတ်ပြုချိန်တွင် မိမိသည် စကားပြောနေမိ၏။ ဘုန်းတော်ကြီး ဦးဇောတိက သည်လည်း မိမိ၏ ဦးခေါင်းအား ခေါက်၍ ဆုံးမခဲ့သည်ကိုလည်း အောက်မေ့နေလျှက် ကရုဏာတွေနဲ့ ဆိုဆုံးမခဲ့သည် ဟု ယ္ခု မှ သဘောပေါက်ခဲ့သည်။ ဆရာမှန်သမျှတို့သည် မုန်းလိုသော စိတ်ထားဖြင့်မပြုလုပ် ။နိုင်ထက်စီးနင်းမှုနှင့်လည်း မပြုတတ် အမှန်စင်စစ် ကောင်းစေလိုသော စိတ်စေတနာအပြည့်နှင့် ဆုံးမခဲ့သည်မှာ ဆရာတိုင်း၏ ပုံမှန်စိတ်ထားဖြစ်၏။ထိုည အဖို့ ဆရာရှင်နှင့် စကားပြောခဲ့ရသည်မို့ ပျော်ရွှင်မှုတို့ဖြင့်..။

ဆရာရှင်မှလည်း မိမိအား ပညာသင်စရိတ်အဖြစ် ဒေါ်လာ(၅၀)နှင့် မြန်မာကျပ်ငွေ (၁၅၀၀၀ိ)ဘုန်းတော်ကြီး

ဦးဇောတိကမှလည်း ဒေါ်လာ(၂၀)နှင့် သရီးရိုင်ဖယ် သင်္ကန်းတစုံ။ ဆရာရှင်၏ ရဟန်းအမများမှလည်း

ဝတ္ထုငွေ (၅၀၀၀ိ) နှင့် အကြော်အလှော်များ လှူဒါန်းခဲ့ပါ၏။

အဝေးရောက်တပည့် မှလည်း ဆရာရှင် မဇ္ဈိမဒေသခရီးစဉ်အား မပင်မပန်း ဖူးမျှော်နိုင်ပါစေ။

လိုရာခရီးပြီးပြည့်စုံပါစေ.လို့ တပည့် မေတ္တာပို့သအပ်ပါသည်ဘုရား.။